အခုတလော ခေတ်စားနေတဲ့ Intermittent fasting ဆိုတာဘာလဲ
- Health Wiki
- Dec 9, 2020
- 1 min read
Intermittent fasting ဆိုတဲ့ အစာစားနည်းတစ်မျိုးကတော့ အခုနှစ်ပိုင်းတွေမှာ ခေတ်စားလို့လာပါတယ်။ နာမည်ကြားလိုက်ရုံနဲ့ စာဖတ်သူတို့ ခန့်မှန်းမိမှာပါ။ အချိန်ကာလအပိုင်းအခြားတစ်ခုမှာ အစားအသောက်ကို မစားပဲနေခိုင်းတဲ့ အစားအသောက်အလေ့အကျင့်တစ်မျိုးပါ။ အဲ့ဒီနည်းလမ်းကို ဝိတ်ချဖို့အတွက်သုံးသလို တစ်ချို့ကလည်းသွေးတွင်းသကြားဓာတ်ထိန်းညှိဖို့အတွက် အသုံးပြုပြန်ပါတယ်။ စိတ်ကြည်လင်မှုရရှိဖို့အတွက် Intermittent fasting လုပ်ကြတဲ့သူတွေလည်း ရှိပါတယ်။

တကယ်တမ်း Intermittent fasting လုပ်လို့ လူတိုင်းရနိုင်တဲ့ အကျိုးကဘာလဲ?
ချီကာကိုမြို့မှာရှိတဲ့ အီလီနွိုက်တက္ကသိုလ်က အစာအာဟာရပိုင်းဆိုင်ရာ ပါမောက္ခ ခရစ်တာဗာရာဒီက "Intermitted fasting လုပ်တဲ့သူတွေရဲ့ နံပါတ်တစ် ရည်ရွယ်ချက်ကတော့ ဝိတ်ချဖို့ပါ။ ဝိတ်ကျရင် သွေးပေါင်ချိန်လည်း ကျမယ်။အဲ့အခါ နှလုံးရောဂါနဲ့ ဆီးချိုရောဂါကို ကာကွယ်ပြီးသားဖြစ်တာပေါ့။"
လို့ပြောပါတယ်။ လှပသွားရုံတင်မကဘဲ ရောဂါကြီးတွေကိုပါ သွယ်ဝိုက်တဲ့နည်းနဲ့ ကာကွယ်ပေးနိုင်တာကို တွေ့ရပါတယ်။
အမြန်ဆုံးနည်းလမ်း
intermittent fasting အကြောင်း အသေးစိတ်ပြောရမယ်ဆိုရင် နည်းလမ်းအမျိုးမျိုးရှိပါတယ်။ တစ်ချို့တွေကတစ်ရက်ခြား fasting လုပ်ကြပါတယ်။ ဥပမာ - Fasting လုပ်တဲ့နေ့မှာ ကိုယ်တစ်နေ့တာစားမယ့်အာဟာရရဲ့ ပမာဏကို ၅၀၀လို့ သတ်မှတ်လိုက်ပြီး ကျန်တဲ့ရက်မှာတော့ စားချင်သမျှ စားကြပါတယ်။ တစ်ချို့ကတော့ ၅:၂ အချိုးနည်းလမ်းကိုသုံးကြပါတယ်။ ၅: ၂ အချိုးနည်းလမ်းကတော့ ရုံးဖွင့်ရက် ငါးရက်မှာ Fasting လုပ်ကြပြီး ပိတ်ရက်နှစ်ရက်မှာ ကြိုက်နှစ်သက်သလိုစားကြပါတယ်။

လူကြိုက်အများဆုံးနည်းလမ်းကတော့ အချိန်ကန့်သတ်ပြီး အစားမစားတဲ့ နည်းလမ်းပါပဲ။ အဆိုပါနည်းလမ်းမှာတစ်နေ့တာကာလမှာ ၈ နာရီအတွင်းပဲ အစာစားပြီး ကျန်တဲ့အချိန်မှာ အစာလုံးဝမစားဘဲနေရမှာပါ။ အားလပ်တဲ့အချိန် သင့်တော်တဲ့အချိန်ကိုသတ်မှတ်ပြီး စားနိုင်ပါတယ်။
Intermittent fasting ရဲ့ စနစ်ဟာ သင်စားသောက်တဲ့ အစားအသောက်ပေါ် မမူတည်ဘဲ သင် စားသောက်ရမယ့်အချိန်ကိုပဲ အခြေခံပါတယ်။ အစားအသောက် လျှော့စရာမလိုသလို အစားအသောက်လည်းရွေးစရာမလိုတာကြောင့် အများစုအတွက် အဆင်ပြေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အစားအသောက်ကို ကယ်လိုရီ တွက်စားဖို့မလိုအပ်တဲ့ နည်းလမ်းဖြစ်ပေမယ့် အဆိုပါနည်းလမ်းကိုအသုံးပြုသူတွေမှာ တစ်နေ့ကို ကယ်လိုရီပမာဏ ၃၀၀ကနေ ၅၀၀ အထိ လျှော့ချနိုင်တာကိုတွေ့ရပါတယ်။ အဆိုပါနည်းလမ်းအသုံးပြုသူ ၈၀% ဟာ ဆက်လက်အသုံးပြုလျက်ရှိပါတယ်။
ဘာကြောင့် အစာစားချိန်လေးလျှော့ချတာလေးတစ်ခုက အကျိုးအများကြီးဖြစ်စေတာလဲ?
Sandwich တွေ Pizza တွေလို အနောက်တိုင်းအစားအစာတွေမှာ ကာဘိုဟိုက်ဒရိတ် ပမာဏ အလွန်များစွာပါရှိနေပါတယ်။ အဆိုပါ အစားအစာတွေက Glucose သကြားဓာတ်ကို စွမ်းအင်အနေနဲ့ ခန္ဓာကိုယ်ကို အသုံးပြုစေပါတယ်။Glucose ပမာဏ ထိုးတက်လာတာနဲ့အမျှ Glucose ကိုအသုံးပြုပေးဖို့ Insulin ပမာဏမြောက်မြားစွာကို ခန္ဓာကိုယ်ကလိုက်ထုတ်ပေးရပါတယ်။ ဒါကြောင့် Glucose ပမာဏများတဲ့ အစားအစာစားတဲ့နေ့တွေမှာ လူဟာ နှေးကွေးလေးလံသလို ခံစားရတတ်ပါတယ်။
Intermittent fasting နည်းလမ်းရဲ့ အလုပ်လုပ်ပုံအရ ၁၆ နာရီလောက် အစာအစားဘဲနေစေခြင်းဖြင့် ထိုးတက်ထားတဲ့ Glucose ပမာဏကို လျော့စေပါတယ်။ အစာမစားတဲ့ နာရီပမာဏ များလာတာနဲ့ သွေးပေါင်ချိန်ကျပါတယ်။အဆိုပါ အချိန်အကန့်အသတ်နဲ့ စားသုံးခြင်းဟာ နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေတယ်ဆိုတဲ့ များစွာသောလေ့လာတွေ့ရှိချက်တွေရှိပါတယ်။ ခန္ဓာကိုယ်က လောင်စာအနေနဲ့ သုံးစွဲဖို့ Glucose မရှိတဲ့အချိန်မှာ အဆီတွေစတင်လောင်ကျွမ်းပါတော့တယ်။ ခန္ဓာကိုယ်က အဆီတွေကို သွေးကြောထဲထုတ်လွှတ်တာနဲ့ insulin ပမာဏကလိုက်ကျလာပါတယ်။ ဒီလိုနည်းနဲ့ ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို ခဏနာ အနားယူစေပါတယ်။
တကယ်ရော အသုံးဝင်ရဲ့လား?
အချိန်ကန့်သတ်စားသုံးခြင်းနဲ့ ပတ်သတ်ပြီး မကြာသေးခင်က JAMA Internal Medicine ရိုက်နှိပ်ထုတ်ဝေထားတဲ့လေ့လာတွေ့ရှိချက်တွေကတော့ ထိုနည်းလမ်းနဲ့ ဝိတ်ချချင်သူတွေအတွက် စိတ်ပျက်စေပါတယ်။ အဆိုပါ လေ့လာမှုမှာတော့ အဝလွန်သူတစ်ချို့ကို နေ့လည် ၁၂ နာရီနဲ့ ည ၈ နာရီကြားမှာသာ အစာစားစေပြီးတော့ ၁၂ ပတ်ကြာစောင့်ကြည့်လေ့လာထားပါတယ်။ ရလဒ်အနေနဲ့ကတော့ အဆိုပါသူများဟာ ဝိတ်အနည်းငယ်ကျပေမယ့် အဆီတွေဆုံးရှုံးသွားတာမဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ တခြားသောဖွဲ့စည်းမှုတွေထဲက ဆုံးရှုံးသွားတာဖြစ်ပါတယ်။
ဆန်ဖရန်စစ္စကိုမြို့ရဲ့ ကာလီဖိုးနီးယား တက္ကသိုလ်မှာရှိတဲ့ နှလုံးအထူးကုဆရာဝန် အီသန်ဝီးစ် ကတော့" ကျွန်တော်က အချိန်အကန့်အသတ်စာသုံးတဲ့နည်းနဲ့ အဆင်ပြေခဲ့တော့ အဲနည်းလမ်းက တကယ်အသုံးဝင်မယ်ဆိုတဲ့ အတွေးနဲ့လေ့လာခဲ့ပေမယ့် တကယ်တမ်းမှာတော့ ကိုယ်အလေးချိန် သိသိသာသာမကျတာကိုတွေ့ရတယ်။ တစ်ကီလိုဂရမ်လောက်တောင်မကျကြဘူး" လို့ပြောပါတယ်။
စမ်းသပ်လေ့လာမှုမှာ ပါဝင်တဲ့သူတွေကို ကယ်လိုရီပမာဏ သတ်မှတ်ထားခြင်းမရှိဘဲ ဘယ်အချိန်စားရမယ်ဆိုတာကိုပဲ ညွှန်ကြားထားပါတယ်။ လေ့လာမှုက ရရှိတဲ့အဖြေတွေကတော့ အချိန်အကန့်အသတ်စားသုံးခြင်းဟာ ထိရောက်တဲ့ အလေ့ချိန်လျှော့ချမှုကို မဖြစ်စေဘူးဆိုတာပါပဲ။
သို့တည်းတိုင်အောင် တစ်ချို့သော လေ့လာမှုတွေအရ ထိရောက်မှုရှိတယ်လို့ တွေ့ရှိထားတာကြောင့် အချိန်အကန့်အသတ်နဲ့ စားသောက်ခြင်းဟာ တကယ်ပဲ အကျိုးရှိလားဆိုတဲ့မေးခွန်းအတွက်အဖြေကတော့ အတိအကျ မရှိသေးပါဘူး။
အချိန်အကန့်အသတ်စားသောက်ခြင်းနဲ့ပတ်သက်လို့ သုတေသနပညာရှင်တွေက ဆက်လက်လေ့လာနေဆဲပါပဲ။
EMERALD LIN
Comments